Samsung Galaxy Note 4 ၏ အချက်အလက်များ

Samsung Galaxy Note 4 ၏ အချက်အလက်များ အွန်လိုင်းတွင် ပေါက်ကြားပေါ်ထွက်လာ

စက်တင်ဘာလ ၃ ရက်တွင် Samsung မှ မိတ်ဆက်ပေးဖွယ်ရှိသည့် Galaxy Note 4 နှင့် ပတ်သက်သည့် အချက်အလက်များသည် အွန်လိုင်းစတိုးတစ်ခုတွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။

အင်ဒိုနီးရှား အင်တာနက် လက်လီအရောင်းဆိုင် Erafone ၏ ထုတ်ကုန်စာမျက်နှာတွင် Note 4 နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် အပြည့်အစုံကို ဖော်ပြခဲ့ပြီး ၎င်းထုတ်ကုန်ကို ရောင်းချမည့် ဈေးနှုန်းကိုလည်း အင်ဒိုနီးရှား ငွေကြေးဖြင့် ဖော်ပြခဲ့သည်။

Erafone စာမျက်နှာတွင် ဖော်ပြထားချက်အရ Galaxy Note 4 တွင် ၅.၇ လက်မ Super AMOLED 1440×2560-pixel display, 16-megapixel ကျောဘက်ကင်မရာနှင့် 4GB memory တို့ ပါဝင်ကြောင်း သိရသည်။ သိုလှောင်မှုစနစ် အနေဖြင့် 16GB, 32GB, 64GB တို့ကို ရွေးချယ်နိုင်ပြီး microSD card မှတစ်ဆင့် 128GB အထိ သိမ်းဆည်းနိုင်မည် ဖြစ်သည်။

စွမ်းဆောင်ရည်ပိုင်းအရ Note 4 တွင် CPU နှစ်မျိုးအနက်မှ နှစ်သက်ရာ အမျိုးအစားဖြင့် ဝယ်ယူနိုင်ကြောင်း Erafone စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဝယ်ယူသူများသည် 2.5GHz quad-core Snapdragon 805 ချစ်ပ်နှင့် 1.3GHz Cortex-A53 core လေးလုံး၊ Cortex-A57 core လေးလုံးပါဝင်သည့် octa-core Exynos 5433 တို့ကို ရွေးချယ် ဝယ်ယူနိုင်သည်။ အချို့သော သတင်းဌာနများကမူ Snapdragon ချစ်ပ်ကို အမေရိကန်သို့သာ တင်ပို့ရောင်းချဖွယ်ရှိပြီး Exynos processor ကို နိုင်ငံတကာ ဈေးကွက်သို့ ရောင်းချဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ထို့အပြင် Note 4 တွင် Google ၏ Android KitKat 4.4.3 operating system ကို အသုံးပြုထားပြီး Wi-Fi 802.11ac ကို ထောက်ပံ့ပေးထားကြောင်းနှင့် တန်ဖိုးမှာ အင်ဒိုနီးရှား ရူပီယာ ၉,၄၉၉,ဝ၀ဝ (အမေရိကန်ဒေါ်လာ ၈၁၃) ဖြစ်ကြောင်း Erfone မှ ဖော်ပြခဲ့သည်။

Samsung သည် Galaxy Note 4 ကို စက်တင်ဘာလ ၃ ရက်တွင် ဘေကျင်းနှင့် ဘာလင်မြို့၌ တစ်ပြိုင်နက် ကျင်းပမည့် Samsung Unpacked ပွဲ၌ တရားဝင် မိတ်ဆက်ပေးဖွယ်ရှိသည်။

Credit:Internet Journal

Post By:#MMIT